Monday, September 5, 2011

မြန်မာသရုပ်ဆောင်တွေ ပြောတဲ့ "The Lady"

ချင်းမိုင် (မဇ္ဈိမ) ။       ။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး၊ မိသားစုအရေးနှင့် ဘဝပုံရိပ်များကို ထင်ဟပ်သည့် “The Lady” ဇာတ်ကားကို အီတလီနိုင်ငံ ရောမမြို့၌ အောက်တိုဘာ ၂၇ ရက်မှ
နိုဝင်ဘာ ၄ ရက်နေ့အထိ ကျင်းပမည့် နိုင်ငံတကာ ရုပ်ရှင် ပွဲတော်တွင် ပြသတော့မည် ဖြစ်သည်။

"The Lady" ရုပ်ရှင်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် မင်းသမီး မစ်ရှဲယိုးက သရုပ်ဆောင်ထားကာ
ခင်ပွန်းသည် ဗြိတိသျှလူမျိုး တိဘက် သမိုင်းပညာရှင် မိုက်ကယ်အဲရစ် အဖြစ် David Thewlis က သရုပ်ဆောင် ထားသည်။ ယင်းရုပ်ရှင်ကားကို ပြင်သစ်ဒါရိုက်တာ Luc Besson က ပြီးခဲ့သည့်နှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့
၌ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

The Lady ရုပ်ရှင်ကားတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား တချို့လည်း ပါဝင်သရုပ်ဆောင် ထားကြသည်။
မြန်မာနိုင်ငံသား သရုပ်ဆောင်များထဲမှ တချို့၏ "The Lady" နှင့် ပတ်သက်သည့် ရိုက်ကွင်း အတွေ့အကြုံများ
ဒေါ်အောင်ဆန်းစုကြည်၏ ဘဝသရုပ်ဖေါ် ရုပ်ရှင်ကားနှင့်ပတ်သက်၍ သူတို့ခံစားချက် စသည်တို့ကို မေးမြန်း ထားပါသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -- - - - - - - - - -
မွန်မွန်
ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အကူအဖြစ် သရုပ်ဆောင်သူ

သရုပ်ဆောင်ခဲ့ရတဲ့ ဇာတ်ဝင်ခန်းလေးတွေ ပြောပြပေးပါလား။

"ပထမဆုံးရိုက် ရတဲ့အခန်းက သူ(ဒေါ်အောင်ဆန်းစုကြည်) အင်္ဂလန်က ပြန်လာတဲ့အချိန်မှာ သူ့အိမ်ကို ရောက်တဲ့ အချိန် သူ့ကိုတွေ့တော့ ဝမ်းသာပျော်ရွှင်ပြီး ကြိုဆိုတဲ့အခန်း။ သူအိမ်ကို ပြန်လာလို့ စာရေးဆရာတွေ၊ သူ့ အဖေရဲ့ ရဲဘော်တွေ၊ သံရုံးက လူတွေ၊ ကျောင်းသားခေါင်းဆောင်တွေ အိမ်မှာ အများကြီးလာကြတယ်။ အဲဒီလူတွေအတွက် ကျမက မီးဖိုချောင်ထဲမှာ အငွေ့တထောင်းထောင်းနဲ့ အစားအသောက်တွေ ချက်ပြုတ် ဧည့်ခံရတဲ့အခန်း။"

"တညမှာ ကျမနဲ့ သူနဲ့ အတူတူနေရင်း သူက စာအုပ်ကလေး ဖတ်နေတယ်၊ ကျမကတော့ ဆေးပြီးသား ပန်းကန်
တွေကို ရေခြောက်အောင် သုတ်နေတယ်၊ မီးလာတော့ မီးကြွေတိုက်တဲ့ အခန်း။ သူစည်းရုံးရေး ဆင်းဖို့ ခရီးသွားတဲ့ အချိန်မှာ သစ်ခွပန်း ပန်ပေးတဲ့အခန်း။ အဝတ်အစားအိတ် ပြင်ဆင်ပြီး ကားဆီလိုက်ပို့ပေးတဲ့ အခန်း။"

"နိုဗယ်လ်ဆုကို ရေဒီယိုက ကြေညာချိန်မှာ မီးကပျက်သွားလို့ ရေဒီယိုဓာတ်ခဲသွားယူပြီး လာနားထောင်ရတာတို့။ အဲဒီမှာ နိုဗယ်လ် ဆုရတယ်ဆိုတာ သိလို့ ဝမ်းသာပြီး Piano (စန္ဒရား)တီးတော့ ကျမက သူ့ဘေးနား နေရတဲ့အခန်း။"

ရိုက်ကွင်းထဲက အခြေအနေကိုလည်း ပြောပြပေးပါဦး။

“ည အချိန်ကို နေ့လယ် scene ရိုက်မယ်ဆိုရင် မီးထိုးပြီး ရိုက်တယ်။ နောက် နေ့လယ်ဆိုလည်း ည scene ရိုက်ဖို့ အတွက်ကို အိမ်ကြီးကို လိုက်ကာ (ကန့်လန့်ကာ) အထူတွေနဲ့ အမှောင်ချပြီး ရိုက်တာမျိုး မိုးအတု ရွာတာတွေလည်း ရိုက်တာ ရှိတယ်။”




ဟောလီးဝု(ဒ်) မင်းသမီးနဲ့တွဲပြီး သရုပ်ဆောင်ရတဲ့ အတွေ့အကြုံကိုလည်း ပြောပြပါ။

"မီရှဲယိုးက ပရော်ဖက်ရှင်နယ် သရုပ်ဆောင်အနေနဲ့ လက်တွဲခေါ်ပါတယ်။ ပထမဦးဆုံး ရိုက်တဲ့ Scene (အခန်း) မှာဆိုရင် ကင်မရာက ကျမမျက်နှာကို ယူတဲ့ အချိန်မှာ သူက ကျမကို ကင်မရာ အနောက်ကနေ ပြုံးရွှင်ပြီး ပျော်ပျော်
မြူးမြူးနဲ့ ကျမသူ့ကိုတွေ့ရင် ဝမ်းသာအောင် ကျမကို အထောက်အကူပေးတယ်။"

(မွန်မွန်သည် အဓိက ဇာတ်ဆောင် မင်းသမီး မီရှဲယိုး၏ ဇာတ်ပို့သရုပ်ဆောင်အဖြစ် ဇာတ်ဝင်ခန်း ၁၀ ခန်းကျော်တွင် ပါဝင် သရုပ် ဆောင်ထားသည်။ ယခင်က ဘီဘီစီ ၏ HIV/AIDS ကျန်းမာရေးပညာပေး အသံလွှင့် အစီအစဉ်တွင် (စ၊ဆုံး) အသံသရုပ်ဆောင် ဒေါ်စိန်လှအဖြစ် သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။)

ဦးအောင်ကျော်
အစိုးရစစ်တပ် ဗိုလ်မှူး တဦးအဖြစ် ပါဝင်သရုပ်ဆောင်သူ

ဦးအောင်ကျော်ကကော The Lady ရုပ်ရှင်ကားမှာ သရုပ်ဆောင်ရတဲ့ အခန်းကို ပြောပြပါဦး။

"ကျနော်က ဒေါ်စု(ဒေါ်ဆောင်ဆန်းစုကြည်) ဓနုဖြူမှာ ရောက်ပြီး နယ်လှည့် စည်းရုံးရေး ဆင်းတဲ့ အခန်းပေါ့နော်။ အဲဒီမှာ ဗိုလ်ကြီးတဦးက ဒေါ်စုကို လူ ၅ ယောက်ထက် ပိုမစုပါနဲ့ ပစ်ရပါလိမ့်မယ်လို့ အမိန့်ပေးတယ်။ ဒေါ်စုက
ဆက်ပြီး တိုးလာတယ်၊ အဲဒီမှာ ကျောင်းသားတွေက အန်တီစု မသွားပါနဲ့လို့ တားတဲ့အခန်း။ ဒီမှာ ဒေါ်စုက ဆက်ထွက်လာတယ်။ ဗိုလ်ကြီးလုပ်တဲ့သူက ပစ်ဖို့ အမိန့်ပေးတဲ့နေရာမှာ ဗိုလ်မှူး လုပ်တဲ့ ကျနော်ပေါ့နော်။ ဒေါ်စု
ကို မပစ်နဲ့လို့ အမိန့်ပေးတဲ့ ဗိုလ်မှူအဖြစ် သရုပ်ဆောင်တာပါ။"

လူထုချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်မိန့် ပေးတဲ့နေရာက သရုပ်ဆောင်ရတာဆိုတော့၊ ခံစားမှု ဘယ်လိုဖြစ်မိလဲ။

"ဒေါ်စုကိုမပစ်ဖို့ တားမိန့်ထုတ်တဲ့ အခါမှာ ကိုယ့်အတွင်းစိတ်က ဒေါ်စုကို မပစ်စေချင်စိတ် ဖြတ်ခနဲ့ ပေါ်လာတယ်။ ပထမဆုံး သရုပ်ဆောင်ရတဲ့အခါမှာ ကိုယ့်စိတ်ကလည်း မဖြစ်စေချင်စိတ် ပေါ်လာတယ်၊ အဲဒီမှာ ကျနော် ရှော့
ဖြစ်သွားတယ်၊ မှားသွားတယ်၊ နောက် Mood ဝင်သွားတော့ ဒါရိုက်တာက ကျနော့်ကို စကားအပို ထပ်ခိုင်းတော့ ကျနော်လည်း Mood ဝင်လာတော့ စကားအပို ထပ်ပြော ဖြစ်သွားတယ်။"

ရိုက်ကွင်းထဲမှာ ထူးခြားတဲ့ အတွေ့အကြုံကိုလည်း ပြောပြပေးပါဦး။

"သရုပ်ဆောင်ရတဲ့ အခါ သေနတ် ကျည်ဆန်၊ အတု ပေမယ့် အသံက တကယ့် အသံဆိုတော့ ကိုယ့် နားဘေးနားက
ဖြတ်ထွက်သွားတဲ့ အချိန်မှာ ပထမ သရုပ်ဆောင်အဖြစ် ရှော့ဖြစ်ပြီး သရုပ်ဆောင် လိုက်တဲ့ဟာက အလန့် လွန်သွားတာပေါ့။ အဲဒီမှာ အဆင်ပြေအောင် ၉ ခေါက် ၁ဝ ခေါက်လောက်တော့ သရုပ်ဆောင်လိုက်ရတာပေါ့။"
                             The Lady ဇာတ်ကားတွင် စစ်ထောက်လှမ်းရေး အရာရှိ အဖြစ် သရုပ်ဆောင်ထားသော      ခင်မောင်ရင် (ဝဲဘက်) က မြန်မာစစ်ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်ထားသော ဦးထွန်းလင်းအား စကားပြောဆိုနေသည့် ဇာတ်ဝင်ခန်းကို တွေ့ရစဉ်။ Photo: Courtesy (The Lady)
ရိုက်ကွင်း ပြင်ဆင်ထားပုံကိုလည်း နည်းနည်း ပြောပြပါ။

"သူတို့ အားသာချက်က တကယ်လုပ်ဖို့ Setting အပြည့်အစုံ ဆင်တဲ့ ဟာတွေက၊ မထင်ရဘူး။ အခန်းကျဉ်းထဲမှာ
ကို Setting ဆောက်လိုက်တာဟာ တကယ်ကြီးကျယ်သွားလားလို့ ကိုယ်ရိုက်ကွင်း ရောက်သွားမှ သိလိုက်ရတယ်။ သူတို့ Setting တွေကတော့ တော်တော် ကောင်းပါတယ်။ ဒေါ်စု လူထုဆီလျှောက်လာတဲ့ အခန်းမှာဆို စုတ်ပြတ်
နေတာပဲ၊ မသပ်မရပ်ဘဲ။ တကယ် ဓာတ်ပုံထဲမှာ ပြန်ကြည့်တော့လည်း အဲဒီ အခန်းတွေက တကယ်ပီပြင်တာကို
တွေ့ရတယ်။"

"အသံဖမ်းတဲ့ System ကလည်း အဝေးကနေ Remote နဲ့ ထိန်းထားတယ်။ နောက်ပြီးတော့ အလင်း၊ အမှောင် ချိန်တဲ့ဟာတွေကလည်း မီးထိုး၊ မှန်ထိုးကမှအစ မြန်မာပြည်နဲ့ တော်တော့ကို ကွာပါတယ်။ မြန်မာပြည်မှာက
မီးထိုး၊ မှန်ထိုးဆို မင်းသမီး၊ မင်းသားကို အတင်း ဦးစားပေးတယ်၊ သူတို့က မီးထိုး၊ မှန်ထိုးတာက မှန်ထိုးတဲ့သူက အဝေးကနေ တကယ့်သဘာဝ အလင်းရအောင် ထိုးတာမျိုး။"

"ကျနော်တို့ မြန်မာ ရုပ်ရှင်တွေနဲ့ ဓာတ်ပုံ အလင်း၊ အမှောင် အယူအဆ တွေက တော်တော်ကွာတယ်လို့ ထင်ပါတယ်။"

(ဘီဘီစီ ၏ သပြေကုန်းရွာ HIV/AIDS ကျန်းမာရေးပညာပေး အသံလွှင့်အစီအစဉ်တွင် ကြွက်နီ အဖြစ် အသံသရုပ်ဆောင်၊ ပြည်ပရေဒီယိုများ၏ အသံလွှင့်ဇာတ်လမ်းတွဲများ၏ ထုတ်လုပ်မှု ဒါရိုက်တာလည်း
 ဖြစ်သည်)



ဦးအဂ္ဂ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေအဖြစ် သရုပ်ဆောင်သူ

ဦးအဂ္ဂ ကကော ဘယ်နေရာကနေ သရုပ်ဆောင်ခဲ့တာပါလဲ။

"ဗိုလ်ချူပ်သန်းရွှေက ဗိုလ်ချူပ်နေဝင်း ဆီသွားပြီး Proposal တင်ရတဲ့ ကိစ္စ၊ ဒေါ်စု ကိစ္စကို သူရှင်းပေးနိုင်တယ် ဆိုပြီး သွားပြောတဲ့ ကိစ္စ။"

"မိုက်ကယ်အဲရစ် (ဒေါ်အောင်ဆန်းစုကြည် အမျိုးသား) အမှုနဲ့ ပတ်သက်လို့ သူက Passport တောင်းတဲ့ ကိစ္စကို တခြားဗိုလ်ချူပ်တွေနဲ့ အားလုံးတန်းစီ ထိုင်ပြီးတော့ မိုက်ကယ်အဲရစ်ကို အရှေ့မှာထားပြီး အားလုံးဝိုင်းမေးကြတဲ့ အခန်းပေါ့နော်။ ဒီအခန်းမှာကို ၂၃ ခေါက်လောက် ပြန်ရိုက်ရတယ်။ လူတွေကများတော့ ဗိုလ်ချုပ်တွေက ၁၄ ယောက်လောက် ရှိတာ။ တယောက်မှားတိုင်း ပြန်ရိုက် ပေါ့နော်။"

"နောက်ပြီးတော့ ဂျပန် Consulate (ကောင်စစ်ဝန်)နဲ့ တွေ့တဲ့ အခန်း၊ အဲဒါက ဂျပန်စီးပွားရေးဆိုင်ရာ အကြံပေး အရာရှိတွေက မြန်မာပြည်ရဲ့ နိုင်ငံတကာ စီးပွားရေးထဲ ဝင်လို့ရအောင် သူတို့က လုပ်ပေးမယ်လို့ အကြံပေးချက်နဲ့
အတူ ဗိုလ်ချူပ်သန်းရွှေနဲ့ လာပြီးဆွေးနွေးတဲ့ အခန်း။"

"ဂျပန် ကောင်စစ်ဝန်နဲ့ တွေ့တဲ့ အခန်းကို ပြင်သစ်နိုင်ငံ ပဲရစ် မြို့တော်မှာ သွားရိုက်ရတယ်။ သူတို့ပဲ စရိတ်ငြိမ်းနဲ့ ကျနော့်ကို ခေါ်သွားတယ်။ အဲဒီမှာ သွားရိုက်ရတာက ဂျပန်ကောင်စစ်ဝန် အဖြစ် သရုပ်ဆောင်လုပ်မယ့် သူက လန်ဒန်မှာနေတယ်၊ သူကလည်း အရေးပေါ် အလုပ်တခုနဲ့ မလာအားဘူးဖြစ်တယ်။ ပြီးတော့ ဒီဇာတ်လမ်း
ကလည်း ဘန်ကောက်မှာ ရိုက်တာဆိုတော့ ဒီရိုက်ကူးရေး အဖွဲ့ကလည်း ပြန်ရတော့မှာနဲ့ ဆိုတော့ အဲဒီမှာ ကျနော့်ကိုလည်း ခေါ်သွားပြီး အဲဒီအခန်းကို အဲဒီမှာ သွားရိုက် ဖြစ်တယ်။"

ရိုက်ကွင်းထဲက အတွေ့အကြုံကိုလည်း ပြောပြပေးပါဦး။

"ကင်မရာတွေကို အဓိက ထားတယ်၊ သူတို့ ကင်မရာတွေက ထိုင်းမှာတောင် မသုံးနိုင်သေးဘူး ထင်တယ်၊ ကင်မရာ တလုံးတည်းနဲ့ သန်းပေါင်းများစွာ ပေးရတာကို၊ သူတို့က သဘာဝအလင်းတွေကို ဦးစားပေးယူတာ။ ဥပမာ Flat
ဖြစ်နေတဲ့ အလင်းဆို လုံးဝမသုံးဘူး၊ မြန်မာကားတွေထဲကလို အလင်း၊ အမှောင် မရှိတဲ့ အခန်းမျိုး သူတို့ဆီမှာ
မရှိဘူး။ ကျနော်တို့ မြန်မာဇာတ်ကားတွေ ကြည့်လိုက်ရင် လင်းနေရင် ပြီးရော ဆိုတာမျိုး မဟုတ်ဘူး။ အလင်း
အမှောင် ပီသတယ်။ မြင်ကွင်း တခုဆီကြည့်လိုက်ရင် ပန်းချီကားတွေ ကြည့်လိုက်သလိုပဲလေ။ အလင်းအမှောင်၊ အတိမ်အနက်တွေက ရှင်းနေတယ်။"

"နောက်တချက်က မြန်မာဇာတ်ကားဆိုရင် မင်းသား၊ မင်းသမီးမှန်း သိသာနေအောင် သရုပ်ဆောင်တာမျိုး မဖြစ်စေရဘူး။ မင်းသား၊ မင်းသမီး စတိုင်မျိုး မဖြစ်နေရဘဲ သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်ကိုပဲ သဘာဝကျကျ
သဘာဝ အသံနေ၊ အသံ ထားမျိုး သူတို့သုံးတယ်။"

(ဦးအဂ္ဂသည် ဗိုလ်ချူပ်မှူးကြီး သန်းရွှေ အခန်းများကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သရုပ်ဆောင်ခဲ့ခြင်း
ဖြစ်ပြီး ဂျပန်ကောင်စစ်ဝန်နှင့် ဗိုလ်ချူပ်မှူးကြီး သန်းရွှေတွေ့မည့် ဇာတ်ဝင်ခန်းကိုမူ ပြင်သစ်နိုင်ငံ ပဲရစ်မြို့
သို့ သွားရောက် သရုပ်ဆောင်ခဲ့ရသည့် တဦးတည်းသော မြန်မာပြည်သား သရုပ်ဆောင်လည်း ဖြစ်သည်။ “သပြေကုန်း” ရွာသူကြီး ဦးမြကြီး အဖြစ် ဘီဘီ အသံလွှင့် အစီအစဉ်၏ စ၊ ဆုံး ပါဝင် အသံ သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်သည်)
 

                           The Lady ဇာတ်ကား၏ ဇာတ်ဝင်ခန်း တခုတွင် ဒေါ်အောင်ဆန်းစုကြည် (ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်) အဖြစ် သရုပ်ဆောင်ထားသည့် မစ်ရှဲယိုးအား တွေ့ရစဉ်။ Photo: Courtesy (The Lady)
ဒေါ်မြင့်
ဒေါ်အောင်ဆန်းစုကြည်၏  အိမ်အကူ နောက်တဦးအဖြစ် သရုပ်ဆောင်သူ

ဒီရုပ်ရှင်ကားမှာ သရုပ်ဆောင်ရပုံ ပြောပြပါဦး။

"ကျမတို့က အိမ်အကူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိဘလက်ထက်ကတည်းက ရှိနေခဲ့တဲ့ လူရင်းတွေ
ဆိုတော့ အိမ်ထဲမှာ ရိုက်ရတဲ့ အခန်းများပါတယ်။"

အဓိက သရုပ်ဆောင် မင်းသမီးတယောက်နဲ့ အနီးကပ် နေခဲ့ရတာ ဆိုတော့ သူ့ရဲ့ သရုပ်ဆောင်ပုံလေး
ပြောပြပေးပါလား။

"မီရှဲယိုးကို အစတုန်းက အနီးကပ် မမြင်ဖူးဘူးလေ။ နောက်အနီးကပ် သရုပ်ဆောင်ရလို့ အနီးကပ်လည်း မြင်လိုက်
တော့ ရင်ထဲမှာလေ ‘ဒိုင်း’ ခနဲ ဖြစ်သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်တော်တူတယ်။ သူသရုပ်ဆောင်တာ
တွေက ကျေနပ်ဖို့ ကောင်းတယ်။"

ဒေါ်မြင့်အနေနဲ့ ဒီကားမှာ ထူးခြားတယ်ထင်တဲ့ ဇာတ်ဝင်ခန်းလေး တခန်းလောက် ပြောပြပါလား။

"ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောတဲ့ အခန်းကို ဟက်စကီး (ရဟတ်ယာဉ်) နဲ့ ကြီးကြီးကျယ်ကျယ် ရိုက်တယ်။ ကွင်းပြင်ကျယ်ထဲမှာ လူတွေကလည်း အယောက် နှစ်ထောင်လောက် ရှိမယ်၊ ကျမတို့က အတွင်းလူတွေ အနေနဲ့ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဇာတ်စင် အနောက်ဘက်ကနေ တက်တယ်လေ။ အဲဒီမှာ ကျမတို့က
အနောက်က ဇာတ်စင် လှေကား အတက်နားမှာ နေခဲ့ရတယ် ပေါ့နော်။ အဲဒီမှာ လူအုပ်ကိုမြင်ပြီး ရင်ထဲမှာ ဘယ်လိုခံစားနေရမှန်းမသိဘူး။ ဘယ်လို မျက်ရည် ပေါက်ပေါက် ကျမှန်းကို မသိဘူး။ တကယ်ကြီး ဖြစ်နေ
သလိုလိုပဲ။"

(ဒေါ်မြင့်သည် ဘီဘီစီ “သပြေကုန်းရွာ” အသံလွှင့်ဇာတ်လမ်းတွဲတွင် ကြွက်နီ၊ ကြွက်ဖြူ တို့၏ မိခင် ဒေါ်သန်းရင်အဖြစ် အစီအစဉ် စ၊ဆုံး အသံ သရုပ် ဆောင်ခဲ့သူဖြစ်သည်။)

ညီလေးထက်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) လူငယ်တဦးအဖြစ် သရုပ်ဆောင်သူ

ကိုညီလေးထက် ကကော ဘယ်နေရာတွေမှာ သရုပ်ဆောင်ခဲ့လဲ။

"ကျနော်က NLD လူငယ် အနေနဲ့ သရုပ်ဆောင်ခဲ့တယ်၊ ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲတွေ၊ အစည်းအဝေး လုပ်တဲ့ အခန်းတွေမှာ ကျနော်တို့က တောက်လျှောက် ပါပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကားမှာ သရုပ်ဆောင်ရတာ ဆိုတော့ ဘယ်လိုခံစားရပါသလဲ။

"ပထမဆုံး အကြိမ် ဒါမျိုး ရိုက်ကွင်းကို ရောက်ဖူးတာ ဘဝမှာ အမှတ်တရပါပဲ။ ဒီဇာတ်လမ်းမှာ ဝင်ပြီး သရုပ်ဆောင်
ခွင့် ရတဲ့အတွက် ကျနော် ကျေနပ်တယ်။ မင်းသမီးကတော့ သရုပ်ဆောင် ကောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့
တော်တော်တူအောင် လုပ်ထားတယ်၊ မင်းသမီးကလည်း သူ့ရဲ့ ဇာတ်ကောင်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်သွား ပါတယ်။"

No comments:

Post a Comment